Monday, February 13, 2012

တစ်ကွေ့ကြုံ AB

ဒါးခုတ်ရာလက်ဝင်မလျှိုပါနဲ့ တဲ့ (မန်းကိုကို)



(စာရေးသူမန်းကိုကို က ဒါးခုတ်ရာလက်ဝင်မလျှိုပါနဲ့ တဲ့။ ကျောင်းသားတပ်မတော်မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော်ကိုခုတ်လိုက်တဲ့ဓားချက်ကိုလား၊ကျော်ဝေ..ဓမ္မစစ်ကျောင်းသားကွလို့ ကြွေးကြော်ရင်း အသေခံသွားတဲ့ကိုကျော်ဝေကိုခုတ်လိုက်တဲ့ဓားချက်လား၊ သေခါနီးအချိန်တောင်ရီနေနိုင်ခဲ့တဲ့  မင်းတို့  ကြိုက်တဲ့လက်နက်နဲ့ သတ်လို့  သတ္တိပြောင်တဲ့ ကိုမောင်မောင်ကြွယ်ကိုခုတ်လိုက်တဲ့ဓားချက် ကိုလား။......ဘယ်သူ့ ကိုခုတ်လိုက်တဲ့ဓားချက်ကို လက်ဝင်မလျှိုစေချင်တာလဲ ကတော့ စာရေးသူ မန်းကိုကိုပဲသိနိုင်မှာပါ။ အောက်က မန်းကိုကို ရဲ့ တစ်ကွေ့ ကြုံ AB  ဆောင်းပါး ကို ဖတ်ရှုဆင်ခြင်ကြပါကုန်)

တစ်ကွေ့ကြုံ AB

ရှေ့မှာ အခြားဋ္ဌာန အဆောက်ဦတွေလို မမြင်သာအောင် အုတ်နံရံနဲ့ကာထားတဲ့ တစ်ထပ်တိုက်
ထောက်လှမ်းရေးရုံးဟာ ကျနော့်ကို ကြိုနေတယ် ။ အတော်ခိုင်ခံ့မယ့် တစ်ဖောင်ကျော် ဂိတ်တံခါး
ကို လူတစ်ယောက် လာဖွင့်ပေးတယ် ။ မြန်မာပြည်မှာ နာမည်အကျော်ကြားဆုံး အဖွဲ့စည်းကြီးရဲ့
စည်းဝိုင်းထဲကို ဝင်ရောက်လာခဲ့ရပြီ ။ အလည်တော့မဟုတ် ၊ ရှေ့မှာ အဖွဲ့စည်းကို ကိုယ်စားပြုသူ
တစ်ယောက် ၊ နောက်မှာတော့ မောင်းပြန်သေနတ်ကိုင်အစောင့် ရဲ-ဒုတပ်ကြပ်တစ်ယောက်က
ညှပ်ပြီး လျှောက်လာကြတယ် ။

ဘယ်ဖက်မှာ တစ်ထပ်ခွဲမြင့်တယ်လို့ဆိုရမယ့် ပင်မရုံး ၊ ဒါပေမယ့် ကိုယ့်အတွက်တော့ လေ့လာ
ခွင့်က မသာ ။ ညာဖက်က ရှေ့မှာထရံကာထားတဲ့ အဆောက်ဦငယ်တစ်ခုရဲ့ အဖီအောက်ကို ဦး
ဆောင်သူ သွားတဲ့အတိုင်း လိုက်ခဲ့ရတယ် ။ အဲဒီဘေးက ခုံပတ်ပတ်လည် ကပ်ရိုက်ထားတဲ့ ကုက္ကို
ပင်နားမှာတော့ ခပ်ယို့ယို့လေး ထိုင်နေတဲ့ လူနှစ်ယောက်သုံးယောက်နဲ့ ရပ်နေတဲ့လူတချို့ကို အရင်
တွေ့မိတယ် ။

အဆောက်ဦရဲ့ အဖီထဲ စဝင်တာနဲ့ စားပွဲတစ်လုံးရှိတယ် ။ စားပွဲရဲ့ အခြားတစ်ဖက်မှာရှိတဲ့ ခေါက်
ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းပြီးတဲ့နောက် လုံခြုံရေးအတွက်လိုက်လာတဲ့ ရဲ-ဒုတပ်ကြပ် ပြန်ထွက်
သွားတယ် ။ မထိုင်ခင်မှာ ခေါက်ကုလားထိုင်ရဲ့ နောက်ဖက် ၆-၇ ပေ အကွာမှာ ကြိုးတုပ်ထားတဲ့
လူတစ်ယောက် ဒူးထောက်လျက်အနေထားနဲ့ တွေ့လိုက်ရတယ် ။ အသက် ၃၀ လောက်နဲ့ ဆံပင်
ပုံစံက ကတုံးတုံးပြီး ပြန်ပေါက်လာကာစ တစ်လက်မလောက် အရှည်မျိုးနဲ့ပါ ။

မကြာခင် ခုနက ကိုယ့်ကို ဦးဆောင်ခေါ်လာတဲ့သူက လူကို သူ့လက်ခုပ်ထဲက သနားစရာ သတ္တ
ဝါတစ်ကောင်လိုလို ၊ သူကိုယ်တိုင်ကတော့ အာဏာ လုပ်ပိုင်ခွင့်တွေနဲ့ပြည့်ဝတဲ့ အောင်နိုင်သူကြီး
လိုလိုတွေအပါဝင် အဓိပ္ပါယ်အများကြီးပါတဲ့ မျက်နှာပေးနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး မာရသွန်
မေးခွန်းတွေ စတင်ပါတော့တယ် ။

အဲဒီအချိန်မှာ နောက်နားက အသံတွေက မကြားချင်လည်း ကြားနေရပြန်တယ် ။

“ဟေ့ကောင် မင်းတို့အဖွဲ့က လာမယ်ဆိုတာ တို့သိထားပြီးသား .. မင်းနဲ့ပါတဲ့ကောင်တွေ ဘယ်
မှာလဲ .. မင်း ဘာမှလိမ်ဖို့ ကြိုးစားမနေနဲ့တော့ ..” ဆိုတာတွေကစပြီး အော်ငေါက် ဆဲဆို မေးမြန်း
သံတွေ ၊

“ဆရာကြီးရယ် ကျနော် ဘာမှမသိပါဘူးဗျာ” ဆိုတဲ့ တိုးလျိုးတဲ့ ငိုညည်းသံလို ပြန်ပြောနေတာတွေ ၊

“ဖေါင်း .. ဖုန်း .. ဘုန်း ... အား ... တကယ်မသိလို့ပါ ဆရာကြီးတို့ရယ်” ဆိုတဲ့ အတိုင်ဖေါက်သံ
တွေဟာလည်း ဆက်တိုက်ဆိုသလို ကြားနေရပါတယ် ။

အာရုံက နောက်ဆီကိုရောက်လို့မှ မကြာခင် ..
“နောက်ကို လုံးဝလှည့်ကြည့်မယ် မစဉ်းစားနဲ့နော် .. ခုမေးတာတွေကို ကောင်းကောင်းမဖြေရင်
သူ့လိုပဲဖြစ်သွားမယ်” စသည်ဖြင့် ခြိမ်းခြောက်စကားတွေကို နာခံရပြန်တယ် ။

ဒီလိုနဲ့ပဲ ၊ မိနစ်က နာရီ ၊ နာရီကနေ တစ်နေ့ ၊ ပြီးတော့ တစ်ည ၊ ပြီးတော့ ...

ဒီလို ဖမ်းဆီးနှိပ်စက်ခံနေခဲ့ရသူဟာ ဘယ်သူလဲ ..
ကျနော် မသိပါ ၊ ကနေ့ပြန်တွေ့ရင်လည်း မှတ်မိကောင်းမှ မှတ်မိပါလိမ့်မယ် ။
ဒါပေမယ့် ကျနော်သိတာ တချို့တော့ရှိပါတယ် ။
ပထမတစ်ချက်က ၊ သူဟာ ABSDF ကျောင်းသားတပ်ဖွဲ့ဝင်တစ်ယောက်ပါ ။

ကျနော် အဲဒီမှာရှိခဲ့တဲ့ နှစ်ရက်နဲ့တစ်ညလုံး သူဟာ ...

... နောက်ပြန်ကြိုးတုပ် ၊ ဒူးထောက်အနေထားနဲ့ နေနေရပါတယ် ။
... ရာဘာပိုက်ပျော့အပါဝင် ခြေ လက် နည်းမျိုးစုံနဲ့ နေ့ရောညပါ မအိပ်မနေ အလှည့်ကျရိုက်နှက်
ထိုးကြိတ်စစ်ဆေးတာကို ခံနေခဲ့ရပါတယ် ။
... အစာရေစာကတော့ ဝေလာဝေးပါ ။
... တစ်ကြိမ်မှာ ယာယီတွဲဘက်အဖြစ် စခန်းကိုခေါ်ထားတဲ့ တပ်ကြပ်ကြီးတစ်ယောက်က စိတ်မ
ရှည်တော့လို့ လည်ပင်းထညှစ်တယ်လို့လည်း စကားသံတွေအရ သိရပါတယ် ။ မျက်ဖြူလန်တဲ့အထိ
အညှစ်ခံရတာပါ ။

  ဒါတွေဟာ ကျနော် လက်လှမ်းမီသမျှ တစ်စိတ်တစ်ပိုင်းလေးပါ ။ အခြား ဘာနှိပ်စက်နည်းတွေနဲ့
ဘယ်လောက်ကြာကြာ ဆက်ခံနေရမလဲဆိုတာ နတ် သိကြားနဲ့ ဘုရားတို့သာ သိပါလိမ့်မယ် ။
တော်လှန်သူတစ်ယောက်ရဲ့ ပေးဆပ်ရမှုနဲ့ သူ့ရဲ့ ဘဝနိဂုံးအစလည်း ဖြစ်ကောင်းဖြစ်ပါမယ် ။

   သူလိုလူတွေ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး ၊ ဆယ်ကဏန်း ရာကဏန်း ဘယ်လောက်ရှိမယ်
ဆိုတာ ထောက်လှမ်းရေးတွေကိုယ်တိုင်တောင် စာရင်းအင်းတွေ ရှိလိမ့်မယ်လို့ မထင်ပါ ။ ဒါပေမယ့်
သွေးနဲ့ရေးထားခဲ့တဲ့ လူမသိ သူမသိသမိုင်းတွေ ၊ ဖိနှိပ်မှုယန္တယားကြီးထဲ ကွေပျက်စတေးခဲ့ရတဲ့ မျက်
ရည်နဲ့ ဘဝတွေဟာလည်း နည်းလှတာတော့ မဟုတ်ပါဘူး ။

   ABSDF ဟာ ဘက်စုံ ပြည့်စုံကုံလုံတဲ့ အဖွဲ့မဟုတ်တာတော့ သေချာပါတယ် ။ ဒါပေမယ့် တပ်ဖွဲ့ဝင်
တွေရဲ့ စွန့်လွတ်မှု ၊ စွန့်စားမှု ၊ အနစ်နာခံမှု ၊ တည်ဆောက်ခဲ့မှုတွေကို အလေးထားပြီး ဖေါ်ထုတ်ဂုဏ်
ပြုဖို့နဲ့ အသိမှတ်ပြုဖို့တွေ မရှိသင့်ဘူးလား ။ ဘယ်သူတွေများ ကြိုးပမ်းခဲ့ကြသလဲ ။

အဖွဲ့ စတင်တည်ထောင်ခဲ့တဲ့ အနှစ် ၂၀ ကျော်လာတဲ့ အချိန်မှာတော့ -
အဖွဲ့ကို သိက္ခာအရ ၊ စိတ်ဓါတ်အရ ၊ ကဏ္ဍအတော်များများမှာ တစ်စစီ ချိုးဖဲ့ချေဖျက်ဖို့ ညီညာလှ
တဲ့ ခြေလှမ်းအချို့ကို  တွေ့နေရပါပြီ ။ ဒီခြေလှမ်းတွေကို အဖွဲ့ရဲ့ ပြင်ပကသာမကပဲ အတွင်းကနေပါ
တက်ညီလက်ညီနဲ့ အားကြိုးမာန်တက် ဖြစ်နေကြတာကိုတွေ့ရလို့ အံ့လည်း သြမိပါတယ် ။ စိတ်မ
ကောင်းလည်း ဖြစ်ရပါတယ် ။

ကျနော်ဟာ AB မဟုတ်သလို ၊ ပတ်လည်း မပတ်သက်ပါဘူး ။
ဒါပေမယ့် လူတစ်ချို့ရဲ့ အမှားတွေကြောင့် ရာထောင်ချီတဲ့တစ်ဖွဲ့လုံးကို လုံးလုံးလျားလျား တိုက်
ခိုက်ချိုးဖဲ့တာကတော့ မသင့်လှဖူးလို့ ထင်ပါတယ် ။ ရိုးသားမှု မရှိသလို ခံစားရတယ် ။ အချို့လူတွေ
ရဲ့ လုပ်ရပ်တွေ ဟာ “ငါးတစ်ကောင်ကိုဖမ်း ၊ ခေါင်းခုတ်ဖြတ်ပြီး .. ကဲ ကိုယ်လုံးရေ .. နင်ကတော့
ဆိုင်လို့ ပြန်လွှတ်ပေးပါတယ်” ဆိုတာ မျိုးလည်း ဖြစ်နေပါ့မယ်ဆိုတာ သတိပေးချင်ပါတယ် ။

ဒီနေရာမှာ ၊ ဟာ .. ဒီလောက် ကြီးမားလှတဲ့ အမှားကြီးတွေကို ခင်ဗျားက မျက်ကွယ်ပြုတာလား ၊
သူခိုး ဓါးရိုးကမ်းတာလား ၊ ကိုယ်ချင်းစာစိတ် မရှိဖူးလား ၊ အမှန်တရားကို တကယ်မြတ်နိုးရင် ဒါကို
လုပ်ကိုလုပ်ရမယ် .. စသည်ဖြင့် ပြောလာနိုင်သူတွေလည်း ရှိမှာပါ ။ ကျနော်လည်း ခံစားချက်ရှိတဲ့
လူသားတစ်ယောက်ပါ ၊ မတရားမှုကို ပျော်မွေ့သူတစ်ယောက်လည်း မဟုတ်ပါဘူး ၊ ဒါပေမယ့် ...

တစ်ဖက်ကို ဖေါ့ပြီး ၊ အခြားတစ်ဖက်ကို ဖိထောင်းတာမျိုးကို ဆင်ခြင်ဖို့ လိုပါတယ် ။ ကိုယ့်ဘဝတ
တွေကို အမှုန့်ချေဖို့ ကြိုးစားနေခဲ့သူတွေနဲ့ လက်ဆွဲနှုတ်ဆက်နိုင်ပေမယ့် ၊ အချင်းချင်းကျတော့ အ
တုံ့အလှည့်နဲ့ ပေးဆပ်မှုတွေရှိမှ တရားမယ် လက်ခံနိုင်မယ် ဆိုတာမျိုးတွေဟာ သဘာဝမကျပါဘူး ၊
သံသယဖြစ်စရာလည်း ကောင်းပါတယ် ။ အဆရာထောင်ချီတဲ့ ဆိုးရွားပြီး အော့နှလုံးနာစရာအမှုတွဲ
တွေနဲ့ လူတွေကိုကို (မထိရဲတာလားတော့ မသိ) မျက်ကွယ်ပြုပြီး (အလွယ်တကူ ပြောလို့ရနိုင်သူ
တွေကိုတော့ နိုင်ငံတကာခုံရုံးအထိ တင်မယ်ဆိုတဲ့) မြေနိမ့်ရာ လှံစိုက်တာမျိုးကို ဘယ်လိုလူတွေက
ဘယ်လိုစိတ်ထားနဲ့ လုပ်ကြမလဲ ၊ အဖြေက သိပ်မဝေးလှဘူးလို့ ထင်ပါတယ် ။

ကျနော့်အနေနဲ့ကတော့ များများနဲ့ ရှည်ရှည်ဝေးဝေး ထပ်ပြောစရာ မရှိလှပါ ။
"မျက်စိတစ်ဆုံးကြည့်ပါ"လို့ပဲ အဓိက ပြောချင်ပါတယ် ။
ထပ်ဆင့်ပြီးတော့ ပြောစေချင်သေးရင်တော့ .. "ရိုးသားပါ ၊ ဒါးခုတ်ရာ လက်ဝင်မရှိုပါနဲ့" လို့လည်း
ပြောချင်ပါတယ် ။

ဝံပုလွေအလုပ် ဝံပုလွေတွေ လုပ်ပါစေ ၊
မြေခွေးတွေအလုပ် မြေခွေးတွေ လုပ်ပါစေ ၊
ကိုယ့်ကိုယ်ကို သိုးကလေးလို့ ခံယူထားရင်တော့ ၊ “သိုးအူသံ”တွေ မလုပ်မိကြဘို့ အကြံပေးချင်
ပါတယ် ။

ဟုတ်ကဲ့ ၊ ကျနော်ဟာ ခင်ဗျားအတွက် မှန်ချင်မှ မှန်ပါလိမ့်မယ် ။
ဒါပေမယ့် ပြောစရာရှိလာတာကိုတော့ ပြောရမှာပါပဲ ။

ပြောသင့်တာကို ပြောခဲ့လို့ ၊ ဆုံးရှူံးနစ်နာခဲ့ရတာတွေ ရှိခဲ့ပါတယ် ။
ဒါပေမယ့် ၊ အများအကျိုးရှိမယ်လို့ ယုံကြည်တာမို့ ၊ ဒီလမ်းကို ဆက်လျှောက်သွားဦးမှာပါ ။
ထပ်ဆင့်ပြီး ပြောပါရစေ ၊ အများအတွက်ပါ


မန်းကိုကို
၁၃ ၊ ၀၂ ၊ ၂၀၁၂

No comments: